Wednesday, February 11, 2009

အားလုံးကို မစွန့်လွတ်ရသေးခင်တောင် သတိရခြင်းကို ငါမပိုင်ဘူး


အားလုံးကို စွန့်လွတ်ရရင်တောင် သတိရခြင်းကို ငါပိုင်တယ်။

(တာရာမင်းဝေ)

သတိရတယ်လို့ လူတွေ တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြတဲ့ စကားတစ်လုံးကို နည်းနည်း လောက် လေ့လာကြည့်မိတာပါ။ အလုပ်မရှိ ကြောင်ရေချိုး ဆိုတာလိုပေါ့။ သတိဆိုတဲ့ စကားလုံးဟာ အဘိဓမ္မာဘာသာကနေပြီး ဆင်းသက်လာတဲ့ ပါဠိသက်စကားတစ်လုံး ဖြစ်ပါတယ်။ သူ့ကို မြန်မာပြန်ရင်တော့ အောက်မေ့မှု အမှတ်ရမှုလို့ အဓိပ္ပာယ်ရပါတယ်။ဘာတွေကို အောက်မေ့ပြီး သတိရတာလဲလို့ တစ်ဆင့်တက်ပြီး မေးခွန်းတွေ မေးလာကြမယ်ဆိုရင်တော့ အဘိဓမ္မာ အခြေပြုသင်္ဂြိုဟ် ဆရာတော်ကတော့ ဒီလို ဖွင့်ပြထားတာကို တွေ့ရမှာပါ်။

သတိ= ဘုရား တရားစသော ကုသိုလ်နှင့် ဆိုင်ရာကို အောက်မေ့မှု အမှတ်ရမှု (အကုသိုလ်နှင့်ဆိုင်ရာ အမှတ်ရမှု၊ ထိုထို လုပ်ငန်းကိစ္စကို သတိရမှုကား သတိအစစ်အဟုတ်)

အမရပူရ မဟာဂန္ဓာရုံ ဆရာတော်

အခြေပြု သဂြိင်္ုဟ်။ စာမျက်နှာ။ ၆၁။

သတိဆိုတဲ့တရားဟာ ကောင်းမွန်တင့်တယ်တဲ့ စေတသိက်ဖြစ်တဲ့အလျောက် ကောင်းမွန်တင့်တယ်တဲ့ စိတ်နဲ့ပဲ ယှဉ်တွဲပြီး ဖြစ်တတ်ပါတယ်။ အကုသိုလ်စိတ်တွေနဲ့ ယှဉ်တွဲပြီး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ကျွန်တော်တို့ ကိုးကွယ်ယုံကြည်နေကြတဲ့ ဗုဒ္ဓဘုရားရှင်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး အသက်နဲ့ သွေးစက်ပေါင်းများစွာ ရင်းနှီးပြီး ပါရမီတော်ဆယ်ပါးကို ဖြည့်ကျင့်တော်မူခဲ့တာ အားလုံးအသိဖြစ်ပါ်။ အသက်ကို ပဓာနမထားဘဲ ဘာကြောင့် ဒီလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့သလဲဆိုရင်တော့ သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီး သတ္တ၀ါတွေကို ကယ်တင်တော်မူလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဆိုပါတော့။ ဘုရားဖြစ်ပြီးနောက် ၀ါတော်(၄၅) သက်တော်(၈၀)အထိ ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေကို ကယ်တင်တော်မူခဲ့ပါတယ်။ ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံးအချိန်မှာတောင် သူ့ရဲ့ ပရိသတ်လေးပါးကို စိတ်ချတော်မမူလို့ မှာတမ်းလေးတစ်ခုနဲ့ သတိပေး မှာကြားတော်မူခဲ့ပါသေးတယ်။ မြတ်ဘုရားရဲ့ နောက်ဆုံး စကားတော်ဆိုရင်လည်း မမှားပါဘူး။ ဘယ်လို မှာတမ်း ချွေတော်မူခဲ့သလဲဆိုတော့ " အပ္ပမာဒေန သမ္ပာဒေထ ၊ မမေ့မလျော့ သတိတရားနဲ့ ပြည့်စုံအောင် နေရစ်ကြ "တဲ့။ သတိဆိုတာ ပိုသွားတယ်လို့ မရှိပါဘူး။ " အဲ ငါတော့ သတိမေ့သွားတယ်၊ တကယ့်ကို ငါ သတိမရတာ" စသဖြင့်ပေါ့လေ။ သတိဟာ အမြဲတမ်း လိုအပ်တဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။


အဲဒီ သတိဆိုတဲ့ စကားလေးရဲ့ ရှေ့မှာ " အနု "ဆိုတဲ့ ပါဠိစကားလေး တစ်လုံး ထည့်ပြီး သ - အက္ခရာ ဒွေဘော်လာလိုက်ရင် " အနုဿတိ "ဆိုတာ ဖြစ်လာပါလေရော့။ အနု=အကြိမ်ကြိမ်၊ အဖန်ဖန်၊ အထပ်ထပ်။ သတိ=အောက်မေ့မှု အမှတ်ရမှုပေါ့ ။ အဖန်ဖန် အထပ်ထပ် အောက်မေ့ သတိရနေတာကို " အနုဿတိ "လို့ ခေါ်ပါတယ်။


အနုဿတိကလည်း (၁၀) ရှိပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ထပ်ခါထပ်ခါ အောက်မေ့သတိရနေရင် ဒါဟာ ဗုဒ္ဓါနုဿတိပေါ့ ။ ဘုရားမြတ်စွာ ဟောကြားခဲ့တဲ့ တရားတော်ရဲ့ ဂုဏ်တော်တွေကို အဖန်ဖန် အောက်မေ့ သတိရနေရင်တော့ ဓမ္မာနုဿတိ ဖြစ်သွားပါတယ်။ ပြောနေရင် လိုရင်းမရောက်ဘဲ ရှည်လျားသွားမှာမို့ ဒီလောက်ပဲ ထားပါတော့။ " အချစ်ရယ် မင်းကို ကိုယ်ထာဝရ သတိရနေပါမယ် " လို့ ပြောနေကြတဲ့ စကားထဲ သတိဆိုတာကတော့ တကယ့် သတိအစစ်မဟုတ်ပါဘူး။ အတုသာ ဖြစ်ပါတယ်။

စွန့်ကြဲ ပေးကမ်း လှူဒါန်းတယ်လို့ ပြောနေကြတဲ့ စကားကို ကြားဖူးကြမှာပါ။ ကိုယ့်အောက် နိမ့်ကျတဲ့ သူတွေကို ပေးရင် စွန့်ကြဲတယ်လို့ ခေါ်ပါတယ်။ ကိုယ်နဲ့ တန်းတူသူတွေကို ပေးရင်တော့ ပေးကမ်းတယ်ပေါ့။ ကိုယ့်ထက် မြင့်မြတ်တဲ့ သူတွေကို ပေးရင်ကြတော့် လှူဒါန်းတယ်လို့ ပြောရပါတယ်။

အားလုံးကို စွန့်လွတ်တယ် ဆိုတာကလည်း ကိုယ်နဲ့အတူ မိသားစု ဇနီးမယား သမီးသား မိတ်ဆွေ အပေါင်းအသင်း ပတ်ဝန်းကျင် ပိုင်ဆိုင်မှုတွေကို ဒီဘ၀ ဒီခန္ဓာသာ စွန့်လွတ်ခြင်းမျိုးမဟုတ်ဘဲ ဘ၀သံသရာ တစ်လျောက်လုံး ဘယ်တော့မှ ပြန်မယူတော့တဲ့ စွန့်လွတ်ခြင်းမျိုးကိုသာ ဘ၀နဲ့ သံသရာကို စွန့်လွတ်တယ်လို့ ပြောရတော့မှာပေါ့။ ကျွန်တော်တို့ ပုထုဇဉ်လူသားတွေဆိုတာ ဘယ်သူမှ အားလုံးကို စွန့်လွတ်နိုင်မှာ မဟုတ်ပါဘူး။ ပုထုဇဉ်ဘ၀နဲ့ စွန့်လွတ်လို့လဲ မရပါဘူး။

ချစ်သူကောင်လေးကို ဒါမှမဟုတ် ကောင်မလေးကို စွန့်လွတ်ရတယ်၊ ပေးဆပ်မှုများစွာနဲ့ ခံစားရတယ်ဆိုတာ အားလုံးကို စွန့်လွတ်တာမှ မဟုတ်ဘဲ။ တစ်စိပ်တစ်ဒေသကိုသာ စွန့်လွတ်တာပါ။ သံသရာ ကျင်လည်ရာ လမ်းတစ်လျှောက် ဘ၀တစ်ခုခု၊ု ဘ၀ပေါင်းများစွာမှာ ချစ်သူကောင်လေး တစ်ယောက်ယောက်၊ ကောင်မလေးတစ်ယောက်ယောက်ကိုလည်း တဖန်ပြန်ပြီး ရယူကြရပါဦးမယ်။ ခံစားမှု ဆေးရောင်စုံတွေကိုလည်း ပိုင်ဆိုင်ရယူကြဦးမှာပါ။ သံသရာထဲ နောက်တစ်ခါ ဘယ်တော့မှ ပြန်မလာတော့တဲ့ စွန့်လွတ်ခြင်းမျိုးသာလျှင် တကယ့်စွန့်လွတ်ခြင်းလို့နာမည်တပ်သင့်ပါတယ်။

နောက်ဘ၀တွေ တစ်ခုပြီး တစ်ခု၊ သံသရာတွေ တစ်ရစ်ပြီး တစ်ရစ်၊ အချစ်တွေ တစ်ချစ်ပြီး တစ်ချစ် လည်ပတ်ပိုင်ဆိုင်နေကြဦးမယ် ဆိုရင်တော့ အားလုံးကို စွန့်လွတ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ ချစ်သူကို မဆိုထားနဲ့ ကိုယ့်အသက် ခန္ဓာကိုတောင် မစွန့်လွတ်နိုင်သေးပါဘူး။ နောက် ဘ၀သစ်တစ်ခုမှာ ခန္ဓာအသစ်ကို ရယူပိုင်ဆိုင် ကြရဦးမှာလေ။ တစ်ဘ၀ တစ်ခဏ တစ်စိပ်တစ်ဒေသလောက် စွန့်လွတ်တယ်ဆိုရင်တော့ မှန်တာပေါ့။ ဒါဟာ အားလုံးမှ မဟုတ်တာပဲ။ နော့။

ကုသိုလ်ကံ အကုသိုလ်ကံ ကံ+ကံရဲ့အကျိုးတရားက လွဲပြီး သတ္တ၀ါတိုင်းဟာ ကိုယ်ပိုင်ပစ္စည်းရယ်လို့ မရှိကြပါဘူး။ သတိရခြင်းကို မပိုင်ဆိုင်ကြသလို သတိမရခြင်း ကိုလည်း မပိုင်ဆိုင်ကြပါဘူး။ သတိရခြင်း မရခြင်းကို တကယ်တမ်းသာ ကိုယ်ပိုင်ဆိုင်ကြတယ်ဆိုရင် ကိုယ်ပိုင်ဖြစ်ကြတယ်ဆိုရင် နောင်အသစ်အသစ်ဆိုတာ ဘယ်မှာ ဖြစ်လာပါတော့မလဲ။ အဲဒီတစ်ယောက်ထဲသာ သတိရပြီး အဲဒီတစ်ယောက်နဲ့ပဲ သံသရာတစ်လျှောက်လုံး ကျင်လည်နေရုံပဲ ရှိတာပေါ့။


သေသွားတဲ့အခါ သတိရမှုတွေ ယူသွားလို့ ရပါသလား။ ကျွန်တော် မသိလို့ မေးကြည့်မိတာပါ။ ကိုယ်ချစ်လှပါတယ်ဆိုတဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးကိုတောင် ဒီဘက်ဘ၀မှာ ပစ်ထားခဲ့ရပါတယ်။ တစ်ဘ၀ တစ်ခဏသာ ပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာရတနာတွေ ဇနီးမယား သမီးသားတွေ ဆွေမျိုး မိတ်ဆွေ သင်္ဂဟတွေ အားလုံးအားလုံးကို ပစ်ခွါပြီး သံသရာခရီးကို ဆက်လက်လျှောက်လှမ်း သွားရတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်သေးသူက သတိရခြင်းကို ပိုင်ဆိုင်နိုင်ပါ့မလား။ ဘ၀သံသရာ ၀ဲဂယက်ကြီးက လွတ်အောင် ရုန်းမထွက်နိုင်သေးသမျှ သတိရခြင်းကိုလည်း မပိုင်ဘူး။ သတိမရခြင်းကိုလည်း မပိုင်ဘူး။

အားလုံးကို အစွန့်လွတ်ရသေးခင်တောင်

သတိရခြင်းကို ငါမပိုင်းဘူး။

နွေဝိုင်ဝိုင်

၇၊ ၂ ၊ ၂၀၀၉

ညနေပိုင်း

1 comment:

  1. အမှားတွေနဲ့စတဲ့ လမ်းလား . . .ပျဉ်းမငုတ်တို မဟုတ်တဲ့အကြောင်း အမေနဲ့ ပတ်ဝန်းကျင်အကြောင်း သူငယ်ချင်းတွေနဲ့ လွဲချော်ခြင်းများအကြောင်း ....ရင်နာစရာ ဒဏ်ရာတွေနဲ့ စိတ်အမာရွတ်တွေအကြောင်း ...မချိသွားဖြဲ ဟာသတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ဖွင့်ပြချင်တယ်

    ReplyDelete